Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး ရမည်းသင်း၊ ဝမ်းတွင်း၊ ကျောက်ဆည်မြို့နယ်များမှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ


28 Mar,2024

နေပြည်တော် မတ် ၂၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဆည်ကြီးကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စုအတွင်းမှ ဝါစိုက်တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ မန္တလေးတိုင်းဒေသကြီးအတွင်း၌ ရမည်းသင်းမြို့နယ်သည် ဝါအများဆုံး စိုက်ပျိုးသည့် ဒေသဖြစ်ပြီး မိုးကြိုရာသီ၊ မိုးရာသီ၊ မိုးနှောင်းရာသီ စိုက်ဧက (၄၃,၀၀၀) ကျော် ရှိသဖြင့် ၁ ဧက အထွက်နှုန်းတိုးရန်အတွက် လိုအပ်သည့် မျိုးကောင်းမျို့သန့် ရရှိရေး၊ သွင်းအားစုများ ကူညီပံ့ပိုး ပေးနိုင်ရေး၊ လက်ရှိ ဝါကြိတ်လုပ်ငန်းဆောင်ရွက်နေသည့် ဝါကြိတ်စက်များအပြင် ထွက်ရှိလာသော ဝါများကို အရည်အသွေးပြည့်မီစွာ ကြိတ်ခွဲပေးနိုင်ရေး၊ ဝါစေ့ဆီနှင့် တိရစ္ဆာန်အစားအစာအတွက်ပါ ရည်မှန်း၍ ကြိတ်ခွဲနိုင်သည့်စက်များ ပေါ်ပေါက်လာစေရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေ လိုအပ်ချက်များ ရှိနေ၍ နည်းလမ်းပေါင်းစုံဖြင့် ရေပေးနိုင်ရေးအတွက် ကွင်းဆင်းကူညီဆောင်ရွက်ပေးရေး၊ တောင်သူများအနေဖြင့် ထွက်ရှိလာ သည့် ဝါများအပေါ် ဈေးကွက်မှန်ကန်စွာ ချိတ်ဆက်မိရန်အတွက် စိုက်ပျိုးသည့်လုပ်ငန်းမှစ၍ ကြိတ်ခွဲထုတ်လုပ်သည့်လုပ်ငန်းအထိ သမဝါယမအသင်းများ ဖွဲ့စည်းဆောင်ရွက်သွားရေး ညှိနှိုင်း ဆွေးနွေး မှာကြားသည်။

ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက ရမည်းသင်းမြို့နယ်အတွင်း စိုက်ပျိုး နေသည့် ဝါအမျိုးအစားများ၊ မျိုးကောင်းရရှိရေး ဆောင်ရွက်နေမှုများ၊ သဘာဝမြေဩဇာ ထည့်သွင်း အသုံးပြုရန် စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က စက်မှုကုန်ကြမ်း သီးနှံ ဝါမှ အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်‌ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဝါစိုက်တောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် ဝန်ကြီးဌာနအောက် ခရိုင်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လာမည့်မိုးစပါးရာသီအတွက် မျိုးစပါးရရှိရေးကိစ္စများ ကြိုတင်စီမံဆောင်ရွက်ရန်၊ ယခု ဝါသီးနှံ အထွက်တိုးရေးနှင့် စနစ်တကျ ကြိတ်ခွဲထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီး ဌာနများ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြမည်ဖြစ်ရာ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပါဝင်ရမည့် အခန်းကဏ္ဍအလိုက် အောင်မြင်‌အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ဝမ်းတွင်းမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၏ ရွှေတောင် ဝါသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံသို့ ရောက်ရှိပြီး ဝါစိုက်တောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းက ဝါ စိုက်ပျိုးရေးနှင့် သုတေသနလုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး ဒေသခံ ဝါစိုက်တောင်သူများက ဝါစိုက်ပျိုးရေးလုပ်ငန်း လိုအပ်ချက်များ တင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြန်လည်ပြောကြားရာတွင် လတ်တလော တွေ့ရှိချက်များအရ ဝါစိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကလိုအပ်နေသည်မှာ သွင်းအားစုလိုအပ် ချက်ဖြစ်သည်ဟု တွေ့ရှိရကြောင်း၊ ယင်းအတွက် စိုက်ပျိုးရေးသမဝါယမအသင်းများ ဖွဲ့စည်း၍ ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေလိုအပ်ချက်များကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်၍ ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်ကာ နို့နှင့် ဒိန်ချဉ်ထုတ်လုပ်နေသော ဒီနေလင်း စားသောက်ကုန် လုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာသို့ သွား ရောက်ပြီး ဝါစိုက်တောင်သူများနှင့် တွေ့ဆုံကာ အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်း ပြောကြားသည်။ ယင်းနောက် ဒေသခံတောင်သူများ၏ ဝါစိုက်ပျိုးရေးလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုရေး လုပ်ငန်း လိုအပ်ချက်များ တင်ပြမှုအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဝါစိုက်ဧက (၁၄,၀၀၀) ကျော်ရှိပြီး ရာသီအလိုက် အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် သွင်းအားစုများ ရရှိရေး တာဝန်ရှိသူများအား ညှိနှိုင်းမှာကြားကာ ကျောက်ဆည် မြို့နယ် သမဝါယမအသင်းစု၏ သဘာဝမြေဩဇာနှင့် စိုက်ပျိုးရေးကုမ္ပဏီများ၏ သွင်းအားစုများ ခင်းကျင်းပြသထားမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm